မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်ခံရမှုတွေ ပပျောက်စေဖို့အတွက် ညှင်းပန်းနှိပ်စက်မှုကို ဆန့်ကျင် တဲ့ ကုလသမဂ္ဂစာချုပ် တစ်ခုဖြစ်တဲ့ (UNCAT) ကို မြန်မာနိုင်ငံအနေနဲ့ ဝင်ရောက်လက်မှတ်ရေးထိုးဖို့ အရပ်ဘက်အဖွဲ့အစည်း အချို့က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်ခဲ့ပြီး တောင်းဆိုလိုက်တာပါ။
ဒီနေ့မှာတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ညှင်းပန်းနှိပ်စက်မှုတွေကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂစာချုပ် (UNCAT)ကိုမြန်မာဘာသာနဲ့ဖြန့်ဝေခဲ့ပြီး၊ ညှင်းပန်းနှိပ်စက်မှုတွေကို မည်သည့်ပုံစံနဲ့မှ ကျူးလွန်ကျင့်သုံးခြင်း မပြုဖို့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေကို တောင်းဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတောင်းဆိုမှုတွေကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်( ND-Burma) ၊နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ၊ အမျိုးသမီးများ အဖွဲ့ချုပ် (WLB) ၀ိမုတ္တတိ အမျိုးသမီးများအဖွဲ့( VWO ) နဲ့ အာရှတရားမျှတမှုနဲ့ အခွင့်အရေး (AJAR )တို့ကစုပေါင်းပြီး တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်