အမေရိကန်ရဲ့ အဘက်ဘက်က ယိုယွင်းနေတာတွေကို ပြောင်းလဲပစ်မယ်လို့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ပထမဆုံး မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်က ပြောသွားခဲ့ပါတယ်။
အိမ်ဖြူတော်မှာ ဇန်နဝါရီ ၂၀ ရက် က ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နောက် ဘီလီယံနာ သူဌေးကြီး ထရမ့်က အမေရိကန်ရဲ့ ၄၅ ဦးမြောက် သမ္မတသစ်အဖြစ် ဘာရတ်အိုဘားမားရဲ့ နေရာကို တရားဝင် ဆက်ခံခဲ့ပါတယ်။ သူက အမေရိကန်မှာ စက်ရုံအလုပ်ရုံတွေ လည်ပတ်မှု ရပ်တန့်သွားတာ၊ ဒုစရိုက်မှုတွေ များလာတာ၊ ပညာရေးစနစ် ကျဆုံးနေတာတွေ ဖြစ်နေပြီး သူ့ရဲ့ သမ္မတ သက်တမ်းမှာ အဲဒါတွေအားလုံးကို ပြောင်းလဲပစ်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
“အမေရိကန်ရဲ့ ဘက်ပေါင်းစုံက သေဆုံးနေမှုတွေကို ဒီနေ့၊ ဒီအချိန်၊ ဒီနေရာကနေ စပြီး ရပ်တန့်ပစ်ပါမယ်” လို့ အိမ်ဖြူတော်အနီးက လွှတ်တော် အဆောက်အအုံ လှေကားထစ်တွေမှာ ထရမ့်က ပြောခဲ့တာပါ။ ထရမ့်ကို လိုလားထောက်ခံသူ ထောင်ပေါင်းများစွာက သူ့တို့ရဲ့နေရပ်ကနေ ဝါရှင်တန်မြို့ထိ အရောက်လာကြပြီး သမ္မတသစ်ကို ကြိုဆိုခဲ့ကြပါတယ်။
တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ထရမ့်က “ဒီနေ့မှာ အမေရိကန် ပြည်သူတွေဟာ အမေရိကန်ကို အမှန်တကယ် အုပ်ချုပ်ခွင့် ပြန်ရလာပါပြီ။ ကျွန်တော့် အနေနဲ့ နောက်ဆုံးထွက်သက်ထိ ခင်ဗျားတို့နဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေပါမယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ် ဘယ်တော့မှ စိတ်မပျက်စေရဘူး” လို့ ပြောပါတယ်။
သူက “အမေရိကန်ရဲ့ အောင်ပွဲတွေ တကျော့ပြန်လာပါမယ်။ အရင်က ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အောင်ပွဲမျိုးတွေပေါ့။ ကျွန်တော်တို့ ဆုံးရှုံးထားတဲ့ အလုပ်အကိုင်တွေကို ပြန်ရယူမယ်။ အမေ့လျော့ခံနေရတဲ့ နယ်နိမိတ်ကို ပြန်ရယူမယ်။ ကျွန်တော်တို့ရဲ့ ဓနဥစ္စာတွေကို ပြန်ရယူမယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ပြန်ရယူမယ်”လို့လည်း ကြွေးကြော်ခဲ့ပါ တယ်။ ထရမ့်က သူ့ရဲ့ လက်ထက်မှာ အမေရိကန်ကို ပထမဦးစားပေး စဉ်းစားမယ့် မူဝါဒကိုသာ ခိုင်ခိုင်မာမာ ကျင့်သုံးသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သမ္မတအဖြစ် စတင်တာဝန်ယူတဲ့ နေ့မှာပဲ ထရမ့်က အရင်သမ္မတ အိုဘားမား လက်ထက်က အကောင်အထည် ဖော်ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် Obamacare ကို ပြောင်းလဲမယ့် အထူးအမိန့် တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
အဲဒီအမိန့်အရ Obamacare က သတ်မှတ်ချက်တွေကို ဆိုင်းငံ့သွားစေမှာ ဖြစ်ပါတယ်။ Obamacareကို ပြောင်းလဲမယ့် ကိစ္စက ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေအတွင်းသူပေးခဲ့တဲ့အဓိက ကတိတစ်ခုလည်း ဖြစ်ပါတယ်။
ထရမ့်က Obamacareကို ပြင်ဆင်ပြောင်းလဲပြီး ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းတွေအားလုံး ပိုမိုပါဝင်နိုင်မယ့် စရိတ်သက်သာပြီး အကျိုးရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခု ပြဋ္ဌာန်းသွားမယ်လို့ ကြေညာထားပါတယ်။