ICSB စွန့်ဦးတီထွင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအတွက်

2017-06-16 7

စွန့်ဦးတီထွင်သူများ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များအတွက် အထောက်အပံ့ပေးနိုင်မည့် ICSB Myanmar အဖွဲ့အစည်း မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၀ရက် နံနက် ၉နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ Prime Hill Business Square တွင် ပြုလုပ်ခဲ့သည်။

ICSB Myanmar ဆိုသည်မှာ International Council for Small Business ဖြစ်ပြီး မြန်မာနိုင်ငံတွင်ရှိသော အသေးစားစီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးစလုပ်မည့်သူများကို အကူအညီများပေးမည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ICSB သည် အမေရိကန်တွင် အခြေစိုက်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉နိုင်ငံနှင့်ချိတ်ဆက်ထားပြီး အကူအညီပေးနေခြင်းဖြစ်သည်။

“ကျွန်တော်တို့က Not for Profit ပါ။ ကျွန်တော်တို့ အကျိုးအမြတ်ကို ရည်ရွယ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ Small Business တွေက အရေးပါတယ်။ ဒီအပိုင်းကအရေးကြီးတဲ့အတွက် ကျွန်တော်တို့ တတ်စွမ်းသလောက် ကိုယ်စွမ်းဥာဏ်စွမ်းနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” ဟု Vice President of ICSB Myanmar မှ ဦးမျိုးမင်းက မဇ္ဈိမကိုပြောသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာမှရင်းနှီးမြုပ်နှံသူများ များပြားလာသည်နှင့်အမျှ ပြည်တွင်းမှ အသေးစားစီးပွားရေးလုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုများ အများဆုံးကြုံတွေ့နေသည်။ ထိုအရာများကို ရင်ဆိုင်နိုင်ရန် ICSB ကဲ့သို့ အဖွဲ့အစည်းများထံမှ နည်းပညာ၊ အရင်းအနှီးနှင့် အကြံဥာဏ်များ၊ အကူအညီများကိုရယူရန်လိုအပ်နေပြီး ပြည်တွင်းလုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းရန် လိုအပ်သည်ဟု ICSB Myanmar အဖွဲ့ဝင်တစ်ဦးကပြောသည်။

“လုပ်ငန်းသေးသေးလေးဆိုပေမယ့် သမရိုးကျအတိုင်းသွားနေမယ်ဆိုရင်တော့ တစ်နေ့မှာအစ်မတို့ သွားမှာပဲ၊ အဲ့တော့ ဒီလိုမျိုး Local အချင်းချင်း ပိုပြီးတော့ Connected ဖြစ်ဖို့လိုတယ်။ အချင်းချင်း Knowledge တွေ Sharing လုပ်ဖို့လိုတယ်။ ပြိုင်ဘက်တွေကလည်း ဘယ်လိုဖြစ်လာသင့်လဲဆိုရင် ပြိုင်တယ်။ ဒါပေမယ့် ပူးပေါင်းပြီးတော့ ယှဉ်ပြိုင်ခြင်းဆိုတဲ့ ဘက်ကိုသွားမှသာလျှင် လုပ်ငန်းသေးသေးလေးတွေက အသက်ရှင်မှာဖြစ်တယ်။” ဟု ICSB မှ တည်ထောင်သူအဖွဲ့ဝင် မစိမ်းဝတ်ရည်က ပြောသည်။

ICSB ၏ မြန်မာပြည်ရုံးခွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အိမ်ကြီးလမ်းတွင် ဖွင့်လှစ်ထားသည်။ အသေးစားလုပ်ငန်းရှင်များအနေဖြင့် ICSB Myanmar ၏ Facebook ကိုလည်း ဆက်သွယ်နိုင်သည်ဟု သိရသည်။

ICSB ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ကုန်ပိုင်းက တရားဝင်ဖွင့်လှစ်ခွင့်ရခဲ့ပြီး လာမည့်အောက်တိုဘာလတွင် ASEAN SME Summit လုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

Videos similaires