အနိမ့်ဆုံးဈေး ၁၃၅၀၀ ကျပ် ရောက်ရှိခဲ့သည့် FMI ရှယ်ယာဈေး ဖေဖော်ဝါရီ သီတင်းနောက်ဆုံးပတ်မှစ၍ ပြန်တက်လာ

2017-06-16 8

ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI ရဲ့ ရန်ကုန်စတော့အိတ်ချိန်းမှာရှိတဲ့ ရှယ်ယာဈေးကွက်အခြေအနေ ပြန်ပြီး အားကောင်းလာနေတယ်လို့ ပြောရမလားပါပဲ။ မနှစ်က ဒီဇင်ဘာအကုန်ကနေ အခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ် အထိ FMI ရဲ့ ရှယ်ယာတစ်စုဈေးက ကျပ် ၁၃၅၀၀ နဲ့ ၁၄၀၀၀ ကြားမှာ ကျဆင်းခဲ့တာဖြစ်ပြီးတော့ ဖေဖော်ဝါရီလ တတိယ ပတ်ကစပြီး ဈေးနှုန်း ပြန်လည် မြင့်တက်လာတာဟာ မတ်လ ပထမရက် အစမှာ ကျပ် ၂၁၀၀၀ ကျပ်အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။ အနိမ့်ဆုံးဈေးဖြစ်ခဲ့တဲ့ ၁၃၅၀၀ ကျပ် နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခု သောကြာနေ့ မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးက ၅၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။
ဒီလို တိုးမြှင့်လာတာဟာ FMI ရဲ့ ရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားမှု မြင့်တက်လာတာကြောင့်လို့တော့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဦးထွန်းထွန်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တုန်းက FMI အနေနဲ့ ညီနောင်ကုမ္ပဏီဖြစ်တဲ့ ရိုးမမဟာဗျူဟာဦးပိုင်လီမိတက် YSH နဲ့ ပူုးပေါင်း ကာ ရန်ကုန်မြို့လယ်ခေါင်က အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်တန် ရိုးမစင်ထရယ်စီမံကိန်းကို စတင်လိုက်ပြီဆိုပြီး အများပြည်သူကို ကြော်ငြာခဲ့ပါတယ်။ အဲဒိနောက်ပိုင်း ကုမ္ပဏီရဲ့ ရှယ်ယာဈေး ပြန်တက်လာခဲ့တာပါ။ ဒါပေမယ့် ဘဏ္ဍာရေးအရာရှိချုပ် ဦးထွန်းထွန်းကတော့ ဒီစီမံကိန်းနဲ့ပတ်သတ်နေမလားဆိုတာကိုတော့ မပြောတတ်ဘူး လို့ ဖြေကြား ထားပြီး ဒါဟာ ဈေးကွက်က ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

FMI နဲ့ YSH ရဲ့ အမှုဆောင် ဥက္ကဌ မစ္စတာ Serge Pun ခေါ် ဦးသိမ်းဝေကတော့ အရင် ၆ လကျော်က FMI ဈေးကျခဲ့ တာဟာ ရှယ်ယာဝယ်ယူသူ နည်းပါးနေတာကြောင့်လို့ ပြောဆိုထားပြီး ရင်းနှီးမြှုပ်နှံကြမယ့် သူတွေက ကုမ္ပဏီအကြောင်း ကို သေချာလေ့လာစေချင်တယ်လို့ ဖေဖော်ဝါရီလဆန်းတုန်းက အများပြည်သူနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ဖူးပါတယ်။ ကိုအောင်သူရက ပြောပြပေးထားပါတယ်။